တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ အရမ်းရိုးတဲ့ယောကျာ်းတစ်ယောက်ရှိတယ်။ ဘယ်လောက်ရိုးလဲဆို တော့  သူ့နာမည်အရင်းတောင် ပျောက်ပြီး မောင်ရိုးလို့ အမည်တွင်နေတဲ့ အထိပဲ။ သူလုပ်တဲ့အရာတိုင်းက အမြဲတမ်း ကပေါက်တိကပေါက်ချာနိုင်တာကြောင့် လူတိုင်း လှောင်ပြောင်ဟားတိုက်တာကိုခံရတယ်။  ဒီလိုနဲ့ သူ့ရဲ့ ရိုးအပုံက နန်းတော်က ဘုရင်ကြီးအထိ ပေါက်ကြားသွားတယ်။ ဘုရင်ကြီးက မောင်ရိုးကို နန်းတော်မှာ အပျင်းပြေ ခေါ်ထားလို့ ရတယ်ဆိုတာ တွေးမိပြီး နန်းတော် လာခဲ့ဖို့ ဆင့်ခေါ်ခိုင်းလိုက်တယ်။ မောင်ရိုး နန်းတော်ကိုရောက်လာတော့ ပုံစံက အချိုးမပြေပဲ ကိုးရိုးကားယားဖြစ်နေတာကြောင့် ဘုရင်ကြီးအပါအဝင် မှုးမတ်တွေအားလုံး ဝိုင်းရယ်ကြတယ်။
“မောင်ရိုး…အရာဝတ္ထုတွေ ဘယ်လို ရေတွက်ရလဲဆိုတာသိလား” ဘုရင်ကြီးမေးလိုက်တယ်။
“ကျွန်တော်မျိုး ကြက်ဥ တွေကို ရေတွက်တတ်ပါတယ် အရှင်မင်းကြီး။ မနေ့က ကြက်ခြံထဲမှာ ကြက်ဥလေးလုံးနဲ့ နောက်ထပ်နှစ်လုံးတွေ့ပါ တယ်”  “အဲ့လိုဆို ကြက်ဥ ဘယ်နှစ်လုံးဖြစ်သွားလဲ” ဘုရင်ကြီးမေးလိုက်တယ်။ “ကျွန်တော် မျိုး မတွက်တတ်ပါဘူးအရှင်။ အရင်ဆုံး ကြက်ခြံထဲမှာ သွားကြည့်ပါရစေ” ဆို အူလည်လည်နဲ့ထွက်သွား တယ်။ ပြန်လာတော့ ဘုရင်ကြီးကို ကြက်ဥခြောက်လုံးလို့ မပြောဘဲ လေးလုံးနဲ့ နှစ်လုံးလို့သာပြောတယ်။  မောင်ရိုးရဲ့ တုန့်ပြန်ချက်ကြောင့် ဘုရင်ကြီးတို့တစ်တွေ ပြုံးစိစိဖြစ်သွားတယ်။  နောက်တော့ဘုရင်ကြီးက သူ့မှာ ချောမောလှပတဲ့  သမီးတော်ရှိကြောင်းပြောပြီး  “မောင်မင်း ငါကိုယ် တော်နဲ့  ခမည်းခမက်တော်ချင်လား” ဆို မောင်ရိုးရဲ့ တုန့်ပြန်ချက်ကို သိချင်တာနဲ့ မေးလိုက်တယ်။  အဲဒီ့မှာ မောင်ရိုး အရမ်းဝမ်းသာသွားပြီး “အရမ်းကို သင့်မြတ်လှပါတယ် အရှင်မင်းကြီး” ဆို ပြန်လျှောက်တင်လိုက်တယ်။ “ကောင်းပြီ ဒါဆိုရင် မင်းကိုရှင်းပြရဦးမယ်။ အရင်က သမီးတော်ကို လာတောင်းတဲ့ သူမှန်သမျှ ငါ့ရဲ့ စကားထာဖြေရတယ်။ ဖြေနိုင်မှ လက်ထက်ခွင့်ပေးတယ်။ ဒါပေမဲ့ အခုထိတော့ ဘယ်သူမှ မဖြေနိုင် သေးဘူး။ မောင်မင်းလည်း အခြားတွေနည်းတူ ငါကိုယ်တော်ဖွက်တဲ့ စကားထာကို ဖြေရမယ်။ စကားထာတစ်ခုကို သုံးကြိမ်ထိဖြေလို့ရတယ်။ အဲ့ဒါမှ မမှန်ရင်တော့ ရှုံးတယ်လို့သတ်မှတ်ပြီး အပြစ်ပေးခံရမယ်” ဘုရင်ကြီးမိန့်လိုက် တယ်။
“ကျွန်တော်မျိုး ကြိုးစားကြည့်မယ်လေ။ စကားထာ ကိုအရင်မိန့်ပါဦး မင်းကြီး”
“အစောပိုင်းမှာ လေးဖက်၊ အရွယ်ရောက်တော့ နှစ်ဖက်၊ ကြီးလာရင် သုံးဖက်လျှောက်တဲ့ သတ္တဝါက ဘာလဲ။ အဲဒီ့စကားထာကို  နောက်တစ်ပတ်ဒီလိုအချိန်မှာ ပြန်လာဖြေပါမောင်မင်း”ဆို ဘုရင်ကြီးမိန့်လိုက်တယ်။  မောင်ရိုးလည်း အိမ်ပြန်ပြီး စကားထာအဖြေကို စဉ်းစားတယ်။ ဒါပေမဲ့  အချိန်စေ့ခါနီးအထိ အဖြေမစဉ်းစားနိုင်သေး ဘူး။ မောင်ရိုးနန်းတော်ကို ထွက်သွားတဲ့အချိန်ကျတော့ လူတိုင်းက စကားထာမဖြေနိုင်လို့အပြစ်ပေးခံရမှာဘဲဆိုပြီး ဝိုင်း သနားနေကြတယ်။ ဒါပေမဲ့ သူမဖြေနိုင်မှာကိုတွေးပြီး ကြိုဝမ်းသာနေသူတစ်ယောက်တော့ရှိတယ်။ သူက မောင်ရိုး အိမ်ဘေးမှာနေတဲ့ အကျင့်မကောင်းတဲ့ လူကြီးပေါ့။ အဲဒီ့လူက မောင်ရိုးမှာရှိတဲ့ မြင်းကို အလကားရချင်နေ တယ်လေ။  ပြီးတော့ “မောင်ရိုးလိုကောင်က စကားထာ ဘယ်လိုလုပ်ဖြေနိုင်မှာဘဲ။ ဒါကြောင့် မထူးတဲ့အတူတူ သူနန်းတော်သွား တဲ့လမ်းမှာ သူ့မြင်းကို မရရတဲ့နည်းနဲ့  ဖြတ်ယူထားလိုက်မယ်”
မောင်းရိုးသူ့မြင်းနဲ့ နန်းတော်ဆီထွက်လာခဲ့တော့ လူကြီးက မောင်ရိုးလာမယ့်လမ်းပေါ်မှာ အဆိပ်ခတ်ထားတဲ့ ကိတ်မုန့်ခြင်း ချပေးထားတယ်။ “ဒီနေရာ မောင်ရိုးရောက်လာလို့ ကိတ်မုန့်တွေမြင်ရင် စားပြီး သေသွားလိမ့်မယ်။ အဲ့လိုဆို သူ့မြင်းကို ဒီအတိုင်း ယူထားလိုက်ရုံပဲ”
ခဏကြတော့ မောင်ရိုးရောက်လာတယ်။ ပြီးတော့ ကိတ်မုန့်ခြင်းကိုတွေ့တာနဲ့ မြင်းပေါ်က ဆင်းပြီးကောက်လိုက် တယ်။ “တော်တော်ထူးဆန်းတာပဲ။ ကိတ်မုန့်တစ်ခြင်းလုံးရှိနေတာတောင် အနားမှာ လူတစ်ယောက်မှ ရှိမနေဘူး” ကိတ်မုန့်တွေက အမြင်ပိုင်းကောင်းမွန်ပြီး အနံ့ရရုံနဲ့တင် သွားရည်ယိုစရာပါပဲ။ ဒါပေမဲ့ မောင်ရိုးသံသယတော့ ဖြစ်မိ တယ်။ “ငါမစားခင် ငါ့မြင်းကို အရင်ကျွေးကြည့်ဦးမယ်ကွာ” မောင်ရိုးပြောလိုက်တယ်။  ဒါနဲ့ ခြင်းထဲက ကိတ်မုန့်တွေ ထုတ်လိုက်ပြီး သူ့မြင်းကိုကျွေးလိုက်တယ်။ သိပ်မကြာခင်မှာပဲ သူ့မြင်း အဆိပ်မိပြီး လှဲကျသေဆုံးသွားတယ်။ “တော်သေးလို့ပေါ့ကွ၊ တကယ်လို့ ငါသာ မဆင်ခြင်လိုက်ဘူးဆိုရင် မြင်းအစားငါသေသွားနိုင်တယ်။ ကဲ…အခုတော့ ကျန်တဲ့ခရီး ခြေလျင်လျှောက်ရတော့မှာပေါ့” ပြောပြီး သူ့မြင်းကို မြစ်ထဲမျောပြီး သဂြိုလ်တယ်။  သူ့မြင်းသေကို မြစ်ထဲ ချပြီး သိပ်မကြာခင်မှာပဲ လဒ အကြီးကြီးသုံးကောင် လာရောက်စားသုံးကြတယ်။ မောင်ရိုးသူ့မြင်းမြင်ကွင်းထဲက ပျောက်သွားတဲ့အထိ နှမျောတသ ကြည့်ရင်း  “အင်း…ဒီအဖြစ်အပျက်ကို စကားထာလုပ်ပြီး ဘုရင်ကြီးကို ပြန်မေးလို့ရတယ်” ဆိုရေရွတ်လိုက်တယ်။
မောင်ရိုးနန်းတော်ကိုရောက်တော့ ဘယ်သူမှ မရှိတာတွေ့လိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့ကလူတွေ စကားထာမဖြေနိုင်လို့  အပြစ်ပေးခံရတော့ နောက်လူတွေ မစမ်းသပ်ရဲကြတော့ဘူး။  ဒါပေမဲ့ မောင်ရိုးကတော့ ဘုရင်ကြီးရှေ့ အခစားဝင်ပြီး “အရှင်မင်းကြီးရဲ့ စကားထာဖြေနိုင်ရင် အရှင့်သမီးတော်နဲ့ တကယ်လက်ထပ်ထိမ်းမြား ပေးမှာပါလား” ဆို သံတော်ဦးတင်မေးမြန်းလိုက်တယ်။ “ငါကိုယ်တိုင်က ပြောရင် ပြောတဲ့အတိုင်းလုပ်တယ်” ဘုရင်ကြီးပြန်ပြောလိုက်တယ်။ “အမှန်တော့ အရှင့်စကားထာက လွယ်ပါတယ်” မောင်ရိုးလျှောက်တင်လိုက်တယ်။ “အပိုစာသားတွေ မလျှောက်တင်နဲ့ အလုပ်နဲ့ သက်သေပြ” ဘုရင်ကြီး မိန့်လိုက်တယ်။  ဒါနဲ့ မောင်ရိုးက “အရှင်မင်းကြီး ရဲ့ စကားထာ အဖြေက လူပါ။  အစောပိုင်းလေးဖက်ဆိုတာကတော့ ကလေးတွေကိုပြောတာပါ။ ကလေးတွေက မွေးပြီးအစောပိုင်းကာလမှာ  လေးဖက်ထောက်သွားကြပါတယ်။ အရွယ်ရောက်တော့ နှစ်ဖက်ဆိုတာ ကတော့ အရွယ်ရောက်တဲ့လူတိုင်း ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်သွားတာ ပါ။ ကြီးလာရင် သုံးဖက်ဆိုတာကတော့  အသက်ကြီးလာတဲ့ အဘိုးအဘွားတွေ တုတ်ချောင်းနဲ့ လမ်းလျှောက်ရတာကို ပြောတာပါ အရှင်မင်းကြီး” မောင်ရိုးရဲ့ အဖြေကြောင့် နန်းတော်ထဲက လူတွေအရမ်းအံ့ဩပြီး ပါးစပ်အဟောင်းသားဖြစ်သွားကြတယ်။  “မောင်မင်းရဲ့ အဖြေက မှန်ပါတယ်။ ပြီးတော့ မောင်မင်းက လူတွေပြောသလောက်လည်း မရိုးအပါဘူး။ ဒါကြောင့် သမီးတော်က မောင်ရင်နဲ့ ကြင်ယာဖက်အဖြစ် သင့်လျော်ပါပေတယ်”  ဘုရင်ကြီးမိန့်လိုက်တယ်။
“အရှင်မင်းကြီးလည်း ကျွန်တော်မျိုးကို စကားထာတစ်ခုလောက် မေးခွင့်ပြုပါ”  မောင်ရိုး ဘုရင်ကြီးဆီ ခွင့်တောင်း လိုက်တယ်။  ဘုရင်ကြီးကိုယ်တိုင်က စကားထာ ဖြေတာ စိတ်အားထက်သန်တဲ့သူဖြစ်ပြီး သူ့မဖြေနိုင်တဲ့ စကားထာ မရှိဘူးလို့ ထင်နေတဲ့ သူပေါ့။ ဒါကြောင့် “မေးလို့ရပါတယ်။ တကယ်လို့ မောင်မင်းမေးတဲ့ စကားထာ ငါကိုယ်တော် မဖြေနိုင်ရင် ငါအုပ်ချုပ်နေတဲ့ တိုင်းပြည်ကိုပါပေးမယ်” ဘုရင်ကြီး ကိုယ့်ကိုကိုယ်အထင်ကြီးပြီး စကားလွန်သွားတယ်။  အဲ့ဒါကြောင့် မောင်ရိုး ဝမ်းသာအားရဖြစ်ပြီး သူ့စကားထာကို စမေးတာပေါ့ “ကျွန်တော် အသေတစ်ကောင်ကိုတွေ့တယ်။ အဲဒီ့အသေကို အရှင်သုံးကောင်လာသယ်သွားပြီး စားကြတယ်။ အသေကောင်က မြေကြီးကိုလည်း ထိမနေဘူး။ ဒါပေမဲ့ ကောင်းကင်မှာလည်းမဟုတ်ဘူး။ အဲဒီ့အကောင်က ဘာလဲ။ မဖြေနိုင်ရင် အရှင့် တိုင်းပြည်ကို ကျွန်တော်မျိုး ရမှာနော်”  ဘုရင်ကြီး အဲဒီ့စကားထာကိုကြိုးစားစဉ်းစားပြီး ဖြေကြည့်တယ်။  သူ့ခေါင်းထဲ ပေါ်လာသမျှ အရာတွေကိုတစ်ခုပြီး တစ်ခုပြောတယ်။ ဒါပေမဲ့ လုံးဝမမှန်ဘူး။ နောက်ဆုံးကျတော့ ဘယ်လိုမှ အဖြေ မပေးနိုင်တာကြောင့် အရှုံးပေးလိုက်ရတော့တယ်။ မောင်ရိုးက “အသေကောင်ဆိုတာ ကျွန်တော့်မြင်းသူသေပြီးတော့ မြစ်ထဲကို ပစ်လိုက်တာ။ မြစ်ထဲရောက်တော့ လဒသုံးကောင်ရောက်လာပြီးသူ့ကိုစားတယ်။ ဒါကြောင့် မြေကြီးကို လည်း မထိဘူး။ ကောင်းကင်ထဲကလည်း မဟုတ်ဘူးလေ” ဆို အဖြေပေးလိုက်တယ်။  အဲဒီ့မှာ လူတိုင်းက မောင်ရိုးဟာ နာမည်နဲ့ မလိုက်အောင် ထက်မြက်တဲ့သူဖြစ်ကြောင်းသိသွားတယ်။ ပြီးတော့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နိုင် တဲ့ အရည်အချင်း ရှိတယ်လို့ လည်း စိတ်ထဲကနေ မှတ်ချက်ပေးလိုက်ကြတယ်။ နောက်ဆုံး ဘုရင်ကြီးရဲ့ သမီးတော်နဲ့ လက်ထက်လိုက်ပြီး  တိုင်းပြည်ကို မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်နေထိုင်သွားသတဲ့ကွယ်။